အပူဒဏ်ကို ဘယ်လိုအံတုကြမလဲ
နှစ်စဥ် နွေရာသီကို ရောက်လာတိုင်း အပူဒဏ်ကို ကာကွယ်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ကြရလေ့ရှိပါတယ်။
နွေရာသီဟာ မိုးရာသီလို စိုစိုစွတ်စွတ် မဟုတ်လို့၊ ဆောင်းရာသီလို ခိုက်ခိုက်တုန် ချမ်းမနေလို့ ရာသီဥတုသာယာတယ်လို့ ဆိုလို့ရပေမယ့် အပူဒဏ်ကိုတော့ ကျောကော့အောင် ခံရတတ်တဲ့ ရာသီပါ။
- ကလေးငယ်လေးတွေ
- အသက် ၇၅ နှစ်နဲ့ အထက်လူကြီးတွေ
- နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါ၊ ပါကင်ဆွန်အကြောသေရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့သူ၊ စိတ်ရောဂါ ခံစားနေရသူတွေ
- ရေဓာတ်ခမ်းခြောက်စေတဲ့ဆေးတွေ (ဥပမာ-ဆီးဆေး)၊ နှလုံးခုန်နှေးစေတဲ့ ဆေးတွေ သောက်နေရသူတွေ
- အိပ်ယာထဲလဲနေတဲ့သူတွေ
- အရက်စွဲသောက်တဲ့သူတွေဟာ အပူဒဏ်ကြောင့် အပူသင်တုန်းဖြတ်နိုင်ခြေ ပိုများပါတယ်။
အပူဒဏ်ကို အံတုဖို့ ဘာတွေ လုပ်သင့်လဲ?
- တတ်နိုင်သမျှ အရိပ်ထဲမှာပဲ နေပါ။ အထူးသဖြင့် တစ်နေ့တာရဲ့ အပူဆုံးအချိန်တွေဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီတွင်း အချိန်မှာ အပြင်မထွက်ပါနဲ့။
- အပြင်ထွက်ရရင် နေရောင်ကာခရင်မ် လိမ်းပါ။ အရောင်ဖျော့ပြီး ပွပွချောင်ချောင်ရှိတဲ့ ချည်ထည်များကို ရွေးချယ် ဝတ်ဆင်ပါ။ အရေပြားကို ဖုံးအုပ်တဲ့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ပါ။ ထီး၊ ဦးထုပ် အမိုးအကာများ ဆောင်းပါ။
- ခန္ဓာကိုယ်အပူချိန် အရမ်းများလာရင် တဘက် သို့မဟုတ် တီရှပ်ကို ရေဆွတ်ပြီး ရေပတ်တိုက်ပေးပါ။ သွေးကြောတွေများလို့ အပူချိန်ကို လျင်မြန်စွာ လျှော့ချနိုင်ဖို့ အကူအညီဖြစ်စေမယ့် နဖူး၊ ချိုင်းကြား၊ ပေါင်ခြံ၊ လက်ကောက်ဝတ်၊ ခြေချင်းဝတ်တွေမှာ ရေပတ်ဝတ်ကို တင်ထားပေးပါ။ ရေကို စပရေးဘူးထဲ ထည့်ပြီး ဖျန်းပေးလို့လည်း ရပါတယ်။
- အပြင်မှာ နေပူနေရင် တံခါးတွေ ပိတ်ထားတာ၊ အဲယားကွန်း ဖွင့်ထားတာမျိုး လုပ်ပြီး အပြင်ဘက် အပူချိန်က ပိုနည်းတဲ့ ညနေနဲ့ ညဦးပိုင်းတွေမှာ တံခါးတွေ ဖွင့်ထားပါ။
- ရေများများ သောက်ပါ။ ရေကို ကိုယ်နဲ့မကွာ ယူထားပြီး မကြာခဏ သောက်ပေးဖို့ လိုပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ သောက်ပါ။
- အစာစားပြီးတဲ့အခါ အစာခြေတဲ့ ဇီဝကမ္မလုပ်ငန်းတွေကြောင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်နိုင်တဲ့အတွက် အစာကို အများကြီး မစားဘဲ ပေါ့ပေါ့ပါးပါး အစာကြေလွယ်တာ ရွေးစားပါ။ စွပ်ပြုတ်၊ ချဥ်ရည်ဟင်းလို အရည်များများ သောက်ပါ။ သခွားသီး၊ ခရမ်းချဥ်သီး၊ ဆလပ်ရွက်၊ တရုတ်နံနံတို့လို ရေဓာတ်များများပါတဲ့ အစားအစာတွေကို ပိုမိုရွေးချယ်ပါ။ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ကျွဲကောသီးလို ရေဓာတ်ကြွယ်ဝတဲ့ အသီးတွေ များများစာပါ။
- အရက်၊ အချိုရည်၊ ကော်ဖီ နဲ့ လက်ဖက်ရည်တွေက ရေဓာတ်ခမ်းခြောက်စေလို့ လျှော့သောက်ပါ သို့မဟုတ် ရှောင်ပါ။
- ပြင်ပအပူချိန် များတဲ့ အချိန်တွေမှာ ကိုယ်လက်လှုပ်ရှား ပြင်းပြင်းထန်ထန် လုပ်ခြင်းမှ ရှောင်ပါ။ ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးမှုများကာ အန္တရာယ်ရှိနိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အပူသင်တုန်းဖြတ်နိုင်ခြေ များတဲ့ အုပ်စုဝင်တွေက ပိုပြီး သတိထားဖို့ လိုပါတယ်။ အပူချိန် မြင့်တက်လာတာကို သတိမထားမိနိုင်တဲ့သူတွေ၊ ခန္ဓာကိုယ်အပူချိန် လျော့အောင် လုပ်နိုင်စွမ်း မရှိတဲ့သူတွေကို မိသားစုဝင်တွေက ပိုပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်။
နွေရာသီကတော့ သူ့အချိန်နဲ့သူ ရောက်လာတာ ဖြစ်သလို သူ့တာဝန်အရ အပူတွေကို ထုတ်လွှတ်ပေးနေမှာပါပဲ။ အပူဒဏ်မခံရအောင် သတိဝီရိယနဲ့ ဂရုတစိုက်နေမှသာ ကျန်းမာလန်းဆန်းတဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရဲမျိုးမြတ်